×

ငွေရေးကြေးရေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမှီ ပါဝင်နိုင်စေရေးကို အထောက်အပံ့ ဖြစ်စေရန်အတွက် MPT က MPT Money မိုဘိုင်းလ်ငွေကြေး ဝန်‌ဆောင်မှု လုပ်ငန်းကို စတင်

28 Jan 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် မြန်မာနိုင်ငံအနှံ့အပြားရှိ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန် ပြည့်စုံသည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ အားလုံးမျှော်လင့်စောင့်စားနေကြသည့် MPT Money မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းကို စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။ MPT Money အနေဖြင့် မြန်မာနိုင်ငံအတွင်း ဒီဂျစ်တယ် စီးပွားရေး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကာ ယုံကြည်စိတ်ချရမှုအပြည့်ရှိသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို ဆန်းသစ်တီထွင်မှုနှင့် သက်သာသော နှုန်းထားများဖြင့် ပေးအပ်ခြင်းဖြင့် ငွေရေးကြေးရေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမှီ ပါဝင်နိုင်စေရန် ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။

သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် MPT Money ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ် စနစ်သုံး ငွေကြေးလွှဲ ပြောင်းပေးခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက် တိုက်ရိုက် ငွေလွှဲပြောင်းခြင်း)၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်းနှင့် ငွေတောင်းခံလွှာများ ပေးချေခြင်း၊ အခြားသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို သုံးစွဲသူများနှင့် ရောင်းချသူများအကြား အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ အခြားသော တယ်လီကွန်းအော်ပရေတာများ၏ ဆင်းမ်ကတ်များကို အသုံးပြုသူများအနေဖြင့်လည်း MPT Money ဝန်ဆောင်မှုများကို သုံးစွဲနိုင်ကာ ကိုယ်ပိုင်အကောင့်များဖြင့် မှတ်ပုံတင်ပြီး အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို မည်သည့်လူမှုအသိုင်းအဝန်း တွင်မဆို လက်လှမ်းမှီ အသုံးပြုနိုင်မည်ဖြစ်ပြီး လုံခြုံစိတ်ချရသည့် ငွေကြေးလွှဲပြောင်းခြင်းများကိုလည်း ပရိုမိုးရှင်းအစီအစဥ်အဖြစ် ၁၀၀ ရာခိုင်နှုန်းအပြည့် ငွေလွှဲခပြန်လည်ပေးအပ်သည့် cash-back စနစ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ MPT Money ဝန်ဆောင်မှုတွင် နှစ်ထပ်ကွမ်းလုံခြုံရေးအစီအစဥ်အဖြစ် OTC စနစ်ဖြင့် ငွေလွှဲပြောင်းခြင်းကို ဆောင်ရွက်နိုင်ကာ ပိုမိုလုံခြုံစေနိုင်မည်ဖြစ်သည်။

MPT Money ၏ ၁၀၀ ရာခိုင်နှုန်းအပြည့် ငွေလွှဲခပြန်အမ်းသည့် cash-back ပရိုမိုးရှင်း အစီအစဉ်သည် သုံးစွဲသူများက အေးဂျင့်ဆိုင်များတွင် ဆောင်ရွက်သည့် ငွေလွှဲပြောင်းမှုအားလုံးအတွက် အကျုံးဝင်ပါသည်။ သုံးစွဲသူများအနေဖြင့် Mobile Wallet အကောင့်ဖွင့်ထားရန် လိုအပ်ပြီး ပြန်အမ်းငွေ cash-back အား ပေးပို့သူ၏ Mobile Wallet အကောင့်သို့ ရိုးရှင်းစွာ ထည့်သွင်းပေးသွားမည် ဖြစ်သည်။ သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် အတွက် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၅ ခုမှ အေးဂျင့်ပေါင်း ၂၅,၀၀၀ ကျော်ရှိသည့် အေးဂျင့်ကွန်ရက်မှတစ်ဆင့် MPT Money သည် ငွေကြေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပြီး မကြာမီကာလအတွင်း လက်ရှိအေးဂျင့် ကွန်ရက်ကို ၂ ဆအထိ တိုးမြှင့်သွားနိုင်ရန် ရည်ရွယ်ထားပါသည်။

“မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ရခြင်းဟာ ငွေရေးကြေးရေးကဏ္ဍမှာ ဝန်ဆောင်မှုတွေကို တိုးတက်ပေးစွမ်းနိုင်ဖို့နဲ့ ငွေသားကိုင်တွယ်သုံးစွဲဖို့မလိုတဲ့ လူမှုအဖွဲ့အစည်း (Cashless Society) တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ ဒီဂျစ်တယ် ငွေကြေးလွှဲပြောင်းတဲ့ ဝန်ဆောင်မှုတွေကို လူတိုင်းလူတိုင်း နေရာတိုင်းမှာ လက်လှမ်းမှီနိုင်ပြီး လုံခြုံ၊ စိတ်ချရတဲ့ မိုဘိုင်းလ်ငွေကြေးလွှဲပြောင်းမှုတစ်ခုအဖြစ် အထူးအလေးပေး သုံးစွဲနိုင်စေဖို့ ဖြစ်ပါတယ်။ Mobile Wallet ဝန်ဆောင်မှုကို သုံးစွဲသူတွေနဲ့ ချိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် သန်းပေါင်းများစွာသော မြန်မာ နိုင်ငံသားတွေ အနေနဲ့ ငွေကြေးဝန်ဆောင်မှုကို လက်လှမ်းမှီလာပြီး စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဆောင်ရွက်နိုင်မယ့်အပြင် လူနေမှုအဆင့်အတန်းကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ထားပါတယ်။ “MPT Money” ရဲ့ အကျိုးကျေးဇူးတွေကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ ငွေတောင်းခံလွှာတွေပေးဆောင်တဲ့ ကိစ္စတွေ ဒါမှမဟုတ် ပင်စင်လစာရဖို့ တန်းစီစောင့်ဆိုင်းရတာတွေကို ရှောင်ရှားနိုင်တော့မှာ ဖြစ်ပါတယ်” ဟု MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ ဦးခင်မောင်မြင့်က ပြောကြားခဲ့သည်။

လက်ရှိတွင် MPT Money သုံးစွဲသူများအနေဖြင့် ငွေကြေးလွှဲပြောင်းမှုများ၊ လျင်မြန်သည့်မိုဘိုင်းလ်ဖုန်း ငွေဖြည့်သွင်းခြင်းများ သို့မဟုတ် အငှားယာဥ်များနှင့် ရန်ကုန်မြို့ရှိ merchants များအတွက် အီလက်ထရွန်းနစ် ငွေပေးချေမှုများတွင် အဆင်ပြေ လွယ်ကူစွာ ဆောင်ရွက် နိုင်ကြပြီဖြစ်သည်။

Android ဖုန်း သုံးစွဲသူများအနေဖြင့် MPT Money မိုဘိုင်းလ်အက်ပလီကေးရှင်းကို Google® Play Store http://bit.ly/2SvVZ5x မှတစ်ဆင့် ဒေါင်းလုတ်ရယူနိုင်ပြီး iOS သုံးစွဲသူများအနေဖြင့် Apple® App Store https://apple.co/2IFITD6 မှတစ်ဆင့် ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။

MPT Money နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပြီး MPT Money ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာဖြစ်သည့် https://web.facebook.com/MPTMoneyOfficial သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။