×

MPT မှ သက်သာသော နေ့စဉ်ဝန်ဆောင်မှု နှုန်းထားနှင့်အတူ MPT Books ၏ အထူးအခွင့်အရေး အစီအစဉ်ကို မိတ်ဆက်

07 Mar 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ၊ မတ်လ ၇ ရက်) မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT မှ မြန်မာ့ ပထမဦးဆုံး နှင့် တီထွင်ဆန်းသစ်မှုရှိသည့် ebook ဝန်ဆောင်မှုဖြစ်သည့် MPT Books တွင် စီးပွားရေး၊ IT၊ ဈေးကွက်၊ အိမ်ခြံမြေ၊ ကျန်းမာရေးနှင့် အလုပ်အကိုင်ရှာဖွေရေးစသည့် အကြောင်းအရာများပါဝင်သည့် ဂျာနယ် ၂၅ ခု နှင့် မဂ္ဂဇင်း ၂၇ ခု တို့ကို သက်သာသော နေ့စဉ်ဝန်ဆောင်မှု နှုန်းထား ဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်ဖြင့် စာရင်းသွင်းဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်လိုက်သည်။ ထို့အပြင် ယခင်ထွက်ရှိ ထားသော ၎င်းဂျာနယ်/မဂ္ဂဇင်း အစောင်(၁၀၀) ကျော်ကိုလည်း ပြန်လည်ဖတ်ရှုနိုင်မည် ဖြစ်သည်။

MPT Books ၏ Web Page ကို https://books.mpt.com.mm/ မှ ဝင်ရောက်ခြင်း (သို့မဟုတ်) *7272# သို့ ဖုန်းခေါ်ဆို၍ SMS မှတစ်ဆင့် ဒေါင်းလုတ်လင့်ခ် ရယူနိုင်ခြင်းတို့အပြင် ၎င်းတို့၏ အန်းဒရိုက် ဖုန်းများ၊ တက်ဘလက်များကို အသုံးပြု၍ MPT Books အက်ပလီကေးရှင်းကိုလည်း ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် ဂျာနယ် package ရယူရန်အတွက် 7272 သို့ “ON” ဟု စာတို (SMS) ပေးပို့ခြင်းနှင့် မဂ္ဂဇင်း package ရယူရန်အတွက် 7272 သို့ “SUB” ဟု စာတို (SMS) ပေးပို့၍ နေ့စဉ်ဝန်ဆောင်မှုကို ရယူနိုင်မည် ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ စာဖတ်ဝါသနာအိုးများအနေဖြင့် ၎င်းတို့ ကြိုက်နှစ်သက်သည့် မဂ္ဂဇင်းများ နှင့် ဂျာနယ်များအား ထွက်ရှိပြီးလျှင်ပြီးချင်း MPT ၏ ကွန်ရက်ပေါ်တွင် click ပြုလုပ်ရုံဖြင့် ဖတ်ရှုနိုင်မည် ဖြစ်ပြီး ဝန်ဆောင်မှုရယူထားသူမျာအနေဖြင့် ၎င်းဝန်ဆောင်မှုကို ၇ ရက်အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။

ကဏ္ဍအစုံအလင် ပါဝင်သည့် ဂျာနယ်/မဂ္ဂဇင်း ၅၀ ကျော်မှနေ့စဉ်အသစ်ထွက်သော ဂျာနယ်/မဂ္ဂဇင်း များကို တစ်နိုင်ငံလုံးရှိ စာဖတ်ဝါသနာအိုးများ အလွယ်တကူ ဖတ်ရှုနိုင်ကြစေရန် စီစဉ်ပေးထားသည့်အပြင် MPT Books ၏ နေ့စဉ်ဝန်ဆောင်မှုအစီအစဉ်အသစ်မိတ်ဆက်ခြင်းနှင့်အတူ မဂ္ဂဇင်းများကို နေ့စဉ်ဝန်ဆောင်မှု ရယူသူများအတွက် ကံစမ်းမဲ အစီအစဉ်အဖြစ် iPhone XS အသစ်တစ်လုံး နှင့် ဂျာနယ်များကို နေ့စဉ်ဝန်ဆောင်မှုရယူသူများအတွက် ရွှေတစ်ကျပ်သားကို ပရိုမိုးရှင်းကာလ မကုန်ဆုံးမီအချိန်အထိ ပေးအပ်သွားမည် ဖြစ်ပါသည်။

မြန်မာပြည်သူပြည်သားများ၏ စာဖတ်ဝါသနာပါမှုကို အလေးထားခြင်းဖြင့် MPT သည် စာဖတ်ဝါသနာအိုးများအတွက် “MPT Books” ဝန်ဆောင်မှုမှတစ်ဆင့် စာစောင်များဝယ်ယူရန် မလိုအပ်ဘဲ နည်းပညာကို အသုံးပြု၍ စာစောင်များ ဖတ်ရှုနိုင်ရန်အတွက် ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က“ကျွန်တော်တို့ အနေနဲ့ မြန်မာပြည်သူပြည်သားတို့ စာဖတ်ဝါသနာပါတာကို သတိထားမိပါတယ်။ ဘယ်နေရာပဲသွားသွား၊ မြို့ကြီးတွေဖြစ်ဖြစ်၊ နယ်တွေမှာဖြစ်ဖြစ် လမ်းဘေးစာအုပ်ဆိုင်လေးတွေတွေ့ရမှာပါ။ စာဖတ်ဝါသနာအိုးတွေအတွက် ရွေးချယ်စရာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အရေအတွက် အများအပြား ရှိနေခြင်းက ဒီနိုင်ငံမှာ စာနယ်ဇင်းလုပ်ငန်းဟာ အတော်လေးအောင် မြင်နေတယ်ဆို တာကို ပြနေတာပါ။ ဒီအချက်ကို အခြေခံပြီး MPT Books ကို ဖန်တီးခဲ့တာဖြစ်ပြီး၊ ဒီဝန်ဆောင်မှုနဲ့ဆိုရင် စာနယ်ဇင်း လုပ်ငန်းတွေအနေနဲ့ စာဖတ်သူတွေဆီ စာစောင်တွေကို အလျင်အမြန် ပေးပို့သွားနိုင်ကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းချိုသာတဲ့ ဝန်ဆောင်ခနှုန်းထားတွေကိုလည်း စီစဉ်ပေးထားပြီး ဝန်ဆောင်မှုကို ရယူမယ့်သူတွေ အနေနဲ့တစ်ရက်ကို ၉၉ ကျပ် ဒါမှမဟုတ် တစ်လကို ၁,၉၉၉ ကျပ်နဲ့ မိမိစိတ်ကြိုက် ရွေးချယ်နိုင်မှာပါ။ အခုဆိုရင် နယ်စွန်နယ်ဖျားဒေသတွေမှာ နေထိုင်သူတွေအနေနဲ့လည်း သူတို့စိတ်ကြိုက်ဂျာနယ်၊ မဂ္ဂဇင်းတွေကို ရန်ကုန် ဒါမှမဟုတ် အခြားပြည်တွင်းက မြို့တွေနဲ့ တပြေးညီ တပြိုင်တည်း ဖတ်ရှုနိုင်ကြပြီ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် MPT အနေနဲ့ မြန်မာနိုင်ငံမှာ စာပေတတ်မြောက်မှုကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော် လင့်ထားပါတယ်”ဟု ပြောကြားသည်။

ယခုဝန်ဆောင်မှုကို MPT ကွန်ရက်တွင် အသုံးပြုပြီး မဂ္ဂဇင်းပေါင်း ၂၇ ခုကျော်ကို ဈေးနှုန်းချိုသာစွာဖြင့် တစ်ရက်လျှင် ၉၉ ကျပ်နှုန်း၊ ဂျာနယ် ၂၅ စောင်ကို တစ်ရက်လျှင် ၉၉ ကျပ်နှုန်းဖြင့် ဖတ်ရှုနိုင်ပြီ ဖြစ်သည်။ ပရိုမိုးရှင်းကာလကို ၂၀၁၉ မေလကုန်အထိ သတ်မှတ်ထားပြီး နေ့စဉ်ဝန်ဆောင်မှုရယူကြသူများအနေဖြင့် အထူးဆုလက်ဆောင်ကြီးများ နှင့် အခြားဆုလက်ဆောင်များဖြစ်သည့် Remax အမှတ်တံဆိပ် Power Bank များကိုလည်း ရယူနိုင်ကြမည် ဖြစ်သည်။

နေ့စဉ်ဝန်ဆောင်မှုရယူသူများအတွက် MPT Books ၏ ဆုလက်ဆောင်များ

MPT ၏ အခြားသော စိတ်ဝင်စားဖွယ် ဝန်ဆောင်မှုများ၊ ပရိုရှင်းဝန်ဆောင်မှု၊ သတင်းဝန်ဆောင်မှုများနှင့် ပတ်သက်၍ ၁၀၆ သို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း MPT ဝက်ဘ်ဆိုက် www.mpt.com.mmသို့ ဝင်ရောက်လေ့လာခြင်း နှင့် MPT၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာ https://www.facebook.com/mptofficialpage  သို့မဟုတ် MPT Books ၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာ https://books.mpt.com.mm/ သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။